တွေးလက်စအတွေးတွေအားလုံး ဖြေလျော့ပစ်လိုက်တယ်
အိပ်မက်တွေကသိပ်ကိုလေးလံလွန်းနေပြီ ကိုယ့်ပုခုံးကိုယ်ပြန်စမ်းကြည့်တော့ အနဲငယ်မာကျောနေသယောင်ယောင်.....
ကိုယ့်အတောင်ကိုဖြန့်ကြည့်လိုက်တယ်
တဟုန်ထိုးတက်ဖို့အတွက်လေမလာသေးဘူး
မချိတင်ကဲစိတ်တွေနဲ့ပဲ ညကိုခပ်စိမ်းစိမ်းကြည့်လိုက်တယ်
ညဥ့်ကတော့ နက်သထက်သာနက်လို့.....
ကိုယ့်လိပ်ပြာကိုယ် ပြန်ကြည့်တော့ ခပ်ယဲ့ယဲ့လေး ပြုံးပြတယ် ရှိရှိသမျှကြေကွဲခြင်းတွေကို တနင့်တပိုးထွေးပိုက်ထားတဲ့ပုံစံမျိုး..
အဝေးကထပျံသွားတဲ့
ညငှက်တွေကိုကြည့်ရင်း မဆီမဆိုင် အမုန်းကျည်ဆံတွေပစ်သွင်းလိုက်တယ်
အာရုံခြောက်ပါးစလုံးက အကြောက်အကန်ငြင်းဆန်လို့ မျက်လုံးတွေမှိတ်လိုက်ပါတော့ မင်းအရမ်းပင်ပန်းနေပြီ...တဲ့
အရိပ်လိုချင်လို့ အပင်စိုက်တာပါ
ကိုယ်တိုင်စိုက်ပျိုးပြီးမှ အသီးလဲစားချင်မိရဲ့
ဒီလိုအတွေးတွေကပဲ ကိုယ်ကျင့်တရားကိုဖျားစေတာလား..
ကျချင်ချင်ဖြစ်နေတဲ့စိတ်ဓါတ်ကို
ခပ်တင်းတင်းဆွဲစိရင်း
ဒီတစ်ညအိပ်မက်မှာလဲ
ကိုယ့်ခန္ဓာ ကိုယ်ထမ်း
ကိုယ့်လမ်းကိုယ်လျှောက်ရမယ်..။
