ညနေခင်းကောက်ကြောင်း ==================
ဟောဒီ စိမ်းစိမ်းလန်းလန်း
စပါးခင်းတွေအပေါ်
ရွှေရောင်နေခြည်ကငုံ့အနမ်း
ရှက်သွေးဖြန်းသွားတဲ့ညနေခင်းလေးရဲ့ပါးပြင်
မြူတွေက ခဏတာဖုံးကွယ်ပေးတယ်။
ကြည့်စမ်း--အိပ်တန်းပြန်ငှက်တွေက
အဆန်းကျယ်ဆုံး ယိမ်းကကွက်နဲ့ ကကြိုးဆင်
လေညှင်းလေးက အဝေးကြီးကခူးလာတဲ့
ပန်းရနံ့တွေနဲ့ကြဲပက်
ထနောင်းပင်လေးတွေက
လက်မောင်းလေးတလှုပ်လှုပ်နဲ့
လက်ခုပ်လက်ဝါးတီး
တောတန်းပေါ်ကငှက်ကလေးတွေက
သိင်္ဂါရတေးသီချင်းတွေကို အုပ်စုဖွဲ့သီဆို မိုးကောင်းကင်က ရောင်စုံစုတ်ချက်တိမ်ပန်းချီကားကို လက်ဖွဲ့လို့ပေါ့။
အဲဒီလို လှလှနုနုညနေခင်းလေးကို
(ကျွန်တော့် မျက်လုံးတွေနဲ့ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခိုက်) အနောက်ဘက် တောင်ကုန်းလေးက
သူ့ရဲ့အမှောင်လက်နဲ့
ဆွဲရမ်းခေါ်ငင်သွားခဲ့တဲ့အခါ
ရွာဦးစေတီတော်က ဆည်းလည်းလေးတွေဟာ
"ရေတစ်ပွက်စာ" ခေါင်းစဉ်နဲ့မှတ်တမ်းတင် လက်မှတ်ထိုး ခဲ့ပါတယ်။
( အမှတ်တရ..သို့ )
နေသွန်းခ