Friday, July 4, 2014
ကဗျာလေးရဲ့အဆုံးမှာ (ကွန်ဆူးမာ)
ကောင်မလေးရေ....
သတိရ တမ်းတတိုင်း
ကဗျာလေးတွေ ရေးဖြစ်တယ်။
ကဗျာလေး တစ်ပုဒ်အတွက်
ငါ ဘယ်လောက် အိပ်ရေးပျက်ခဲ့တာ
ဒီကဗျာလေးထဲမှာတော့
ထည့်ပြီး မရေးခဲ့ပါဘူး...။
ကဗျာလေး တစ်ပုဒ်အတွက်
ငါ ဘယ်လောက် ရင်းနှီးခဲ့ရတာလည်း
ဒီကဗျာလေးထဲမှာ
တွက်ပြ မထားခဲ့ပါဘူး...။
ကဗျာလေး ရှင်သန်နေစေဖို့
ဘာတွေ မြှုပ်နှံထားခဲ့ သလဲလို့
ဒီကဗျာလေးထဲမှာ ဖော်ပြမထားခဲ့ပါဘူး...။
ကဗျာလေး ဖတ်မိတဲ့အခါ...
တစ်ခါတစ်ရံ နာကျင်ခံစားရမှာပါ...။
တစ်ခါတစ်လေတော့လည်း
ဝမ်းနည်း ရမှာပါ..။
တစ်ခါတရံ ကြည်နူး
ခံစားချက်လေး ထူးမှာပါ....။
တစ်ခါတရံပျော်ရွှင်
မင်း စိတ်ကြည်လင်မှာပါ...။
တစ်ခါတစ်လေ နွမ်းလျ
မင်းလည်း လွမ်းခဲ့ရမှာပါ....။
တစ်ခါတစ်ခါ ပေါက်ကွဲ
ကဗျာလေးကိုလည်း မုန်းမှာပါ....။
ကောင်မလေးရေ....
ဒီကဗျာလေးတွေအတွက်
ငါလေ....
ချစ်ခဲ့သမျှ...
မြတ်နိုးခဲ့သမျှ....
ပေးဆပ်ချင်သမျှ...
နောက်ပြီး... ငါပိုင်တဲ့ ဘဝ
ငါပိုင်တဲ့ ညတွေနဲ့
ငါ့ရဲ့ အိပ်မက်တွေကို
မြှုပ်နှံထည့်သွင်းထားပါတယ်...။
ကဗျာလေးရဲ့ အဆုံးမှာ
ကောင်မလေး ပြုံးစေဖို့
မဆုံးသော ကရုဏာများနဲ့
ကြင်နာခြင်းများ ထည့်ထားတယ်...။
ကောင်မလေးရေ....
ဒီကဗျာလေးကလေ...
အချိုးကျကျ မလှပေမယ့်
ငါ့ရဲ့ ရင်ခုန်သံတွေပါ...
သေသေချာချာ နားထောင်နော်.......
ကဗျာလေး ဆုံးသွားတဲ့ အခါ
မင်း ပြုံးသွားပါစေလို့
ငါ ဆန္ဒပြုပါတယ်...
ကဗျာလေးထဲမှာတော့
ထည့်မရေးထားဘူးကွယ်.....။
