Tuesday, July 1, 2014

နှ လုံး သား ရှိ တဲ့ အ ရ ပ် ( လွမ်းနောင် ၊ နေညို ၊ တယ်ရီ ) 

နှ လုံး သား ရှိ တဲ့ အ ရ ပ် ( လွမ်းနောင် ၊ နေညို ၊ တယ်ရီ ) 

နူးညံခြင်းကိုဝှက်ထားတဲ့
ငါ့အက္ခရာရင်ထိုးလေးမှာ
သတိရခြင်းဘယ်နှမျိုးလောက်ပါမယ်ထင်လဲ
မိန်းကလေးရယ်…….
အသက်သွင်းကာစနိဒါန်းမှာတင်
အကိုင်းအခက်တွေ
ဝေေ၀ဆာဆာနဲ့ 
ပြန်သေသွားတဲ့သစ်ပင်ဟာ ငါပါ။ (တယ်ရီ)

အနားရောက်မှလှည့်ကြည့်တတ်တဲ့
ငါ…….မဟုတ်ပါဘူး
လွမ်းတိုင်းအော်တတ်တဲ့နာရီမဟုတ်လို့ လဲ
ငါ့ရင်တစ်ခြမ်းမှာဆူးခတ်ခံခဲ့တာ
တစ်ဖက်တစ်ချက်ဆီလူးလွန့် ဖို့ 
ကိုယ်ရေးကိုယ်တာဟာပြက္ခဒိန်ဆို
နက်ဖြန်ကိုငါမရောက်ချင်ပြန်ဘူး။ (နေညို )

ချစ်ခြင်းရဲ့အနုပညာမှာ
မာယာတွေ မပါခဲ့ဘူး…
အလွမ်းတွေရဲ့သံစဉ်မှာ
ဟန်ဆောင်ခြင်းတေးသွားတွေ
သီကျူးခွင့်မရှိဘူး….
ရင်ဘတ်ချည်းသက်သက်
လောင်းကြေးထပ်ခဲ့မယ်ဆိုရင်တောင်
ဒဏ်ရာမပါတဲ့နှလုံးသားတစ်ခုက
အနိုင်ရဖို့ လမ်းမရှိဘူး………။ (လွမ်းနောင်)

ကျွန်တော်ကပန်းတစ်ပွင့်ရဲ့ရနံကို
မယုံကြည်တတ်ခဲ့သူ…
သူမကပွင့်ဖတ်တွေရဲ့ ရှေ့ဖြစ်ကို
မယုံကြည်တတ်ခဲ့သူ…
အဲ့လိုမျိုး
ယုတ္တိတန်စွာ
စိတ်ကူးယဉ်ဆန်ခဲ့တယ်..ဆိုပါတော့
တစ်ခါတစ်ခါ
ဦးနှောက်နဲ့ ချင့်ချိန်လွမ်းရတာ
ပိုခံရခက်တယ်………..။ (တယ်ရီ)

ကျွန်တော်၏ အိပ်မက်သည်သူမစိတ်နှင့်အိပ်စက်ကြောင်း
ကျွန်တော်ကောင်းကင်သည်
သူမအရိပ်နှင့်ပြည့်နှက်ကြောင်း
ကျွန်တော့်အနာဂတ်သည်
သူမအတွက်နှင့်ရှင်သန်ကြောင်း
မနှိုင်းကောင်းနှိုင်းကောင်းဒဏ်ရာဒဏ်ချက်အချို့အကြောင်း
သူမ ကြားသောအခါ ပျော်ရွှင်စွာဟားတိုက်လေ၏…
ထိုသောအခါက
ကျွန်တော့ဝန်းကျင်တွင် ငေးမောခြင်းတို့ ဖြစ်ခဲ့လေသည်။။။။
(နေညို)

အသွေးအသားတွေအပေါ်
ရေးမှတ်ထားတဲ့ဒဏ်ရာတွေ
ဥပေက္ခာအပြည့်နဲ့ မင်းရေးတဲ့ပန်းချီကား
ငါ့နှလုံးသားအပါးမှာ အမှတ်တရရှိနေတုန်းပဲ…
ငါ့ချစ်ခြင်းတွေရင်မှာပိုက်
တိမ်တွေခရီးဆက်ရာကိုလိုက်ခဲ့တာ
ထပ်ကြပ်မကွာပေမယ့်…
အချစ်ပျောက်ရှာတဲ့သူဆိုတာ
တကယ်တော့ အရူးတစ်ပိုင်းပါ….
မရေရာတဲ့ခရီးတစ်ခုကို
ရင်ခုန်သံတွေနဲ့ အသက်သွင်း
တားဆီးမရတဲ့ တမ်းတခြင်းတွေကြောင့်
ငါ………………
နှလုံးသားရှိတဲ့အရပ်ဆီကို
ရွက်လွှင့်မိနေတုန်းပဲ…………….။
(လွမ်းနောင်)


(ဒဏ်ရာတူလူသားသုံးဦးရဲ့ရင်ဘတ်ကိုတွဲစပ်ချုပ်ထားတဲ့ ကဗျာ လေးတစ်ပုဒ်ပါ )

လွမ်းနောင်၊ နေညို၊ တယ်ရီ