နှုတ်ဆက်မှုအခွင့်အရေး
ချစ်သူရေ
ရုတ်တရက် နာကျင်မှုတစ်ခု
ရင်ဘတ်ထဲက တိုးထွက်လာတယ်
ပြီးတော့ နီရဲနေတဲ့
ငါ့ရဲ့သွေးတွေ ကြမ်းပြင်ပေါ်မှာ
လှပနေတယ်။
ချစ်သူရေ
နှုတ်ဆက်ပါတယ်
ငါလေ ထွက်သွားရတော့မယ်
မင်းနဲ့ ဝေးရာ ဟိုးအဝေးကြီးကိုပေါ့။
ချစ်သူရေ
နံရံပေါ်ကနာရီလက်တံလေးရဲ့
ရွေ့လျားနေတဲ့အသံ
တချက်ချက်နဲ့ မြည်သံပေးပြီး
ငါ့ကို သတိပေးနေတယ်။
ချစ်သူရေ
နောက်ဆုံးအနေနဲ့
မင်းကို တွေ့ချင်လိုက်တာကွာ
အဆင်ပြေရင်ပေါ့။
ချစ်သူရေ
နောက်ဆုံးအနေနဲ့
မင်းကို ပြောခဲ့ချင်တယ်ကွာ
အရမ်း ချစ်တာပဲလို့။
ချစ်သူရေ
နောက်ဆုံးအနေနဲ့
မင်းကို ပြုံးပြချင်တယ်ကွာ
အကြင်နာမျက်ဝန်းတစ်စုံနဲ့ပေါ့။
ချစ်သူရေ
ဟိုးအဝေးကြီးကခေါ်သံ
ပဲ့တင်ခတ်ပြီးငါ့ရဲ့နှလုံးသားမှာ
ရိုက်ချက်ပြင်းပြင်းနဲ့
ဝင်ဆောင့်လိုက်တော့မှ
သတိတစ်ချက်ဝင်လာတယ်။
ချစ်သူရေ
နောက်ဆုံးဆိုတာ,သာ
အစရဲ့ဖြစ်တည်မှုဆိုရင်…..
ဒါပေမယ့် ငါ့မှာ
အခွင့်အရေး ရှိပါ့မလား။
