Monday, September 1, 2014

ဥယျာဉ်မှူးရဲ့အိမ်စာ - စောနောင်

ဥယျာဉ်မှူးရဲ့အိမ်စာ

နင့်အတွက်ငါက
အကြိမ်ကြိမ်မှားသွားလို့
အထပ်ထပ်အဖျက်ခံခဲ့ရတဲ့
ခဲဖျက်..

နင့်အတွက်ငါက
အဖြေမရှိလို့
တစ်ရွက်ချန်ခဲ့တဲ့
ပြန်မစစ်မိတဲ့ပုစ္ဆာ..

နင့်အတွက်ငါက
စတိုခန်းမှာစွန့်ပစ်ခဲ့တဲ့
အရင်နှစ်က
လွယ်အိတ်လေး..

နင့်အတွက်ငါက
နေပူလို့
ခဏယူဆောင်းသွားတဲ့
သူငယ်ချင်းတစ်ယောက်ရဲ့
ထီးတစ်လက်..

နင့်အတွက်ငါက
ပြန်အမ်းတာ
မစောင့်နိုင်လို့
မယူဖြစ်ခဲ့တဲ့
အကြွေစေ့လေး..

နင့်အတွက်ငါက
မီးပျက်နေတုန်း
မီးညှိလိုက်တဲ့
ခါးကွေးနေတဲ့
ဖယောင်းတိုင်..

ငါ့အတွက်မရှိခဲ့ဘူးတဲ့
နတ်သမီးလေးရေ..

နင့်အတွက်ငါက
အလှပဆုံးတံဆိပ်ခေါင်းနဲ့
အရက်စက်ဆုံး
စုတ်ဖြဲခံလိုက်ရတဲ့
စာအိတ်လေးပါ...။

စောနောင်