Friday, September 12, 2014

နွေပျော်နှလုံးသား - မိုးမင်း ရွှေကန်မြေ

နွေပျော်နှလုံးသား

လကွယ်ညမှန်းသိပေမဲ့
လရောင်ကိုပဲမျော်နေမိတယ်
နွေအဖြစ်ကိုသိရက်နဲ့
နှင်းစက်တွေကိုမှတမ်းတသူပါ
ပန်းမပွင့်ဘူး
ဒါပေမဲ့...ပန်းရနံ့ကိုတော့
နမ်းရှိုက်ချင်မိတယ်
မထိနိုင်ဘူးဆိုတဲ့ပစ်မှတ်ကိုမှ
အကြိမ်ကြိမ်လက်တည့်
စမ်းချင်သူပေါ့
မမြင်ယောင်ဆောင်သူကိုမှ
ပြုံးပြနှုတ်ဆက်မိတာ ငါ့အမှားပါပဲ

မဖြစ်နိုင်ဘူးဆိုတဲ့ သံသယတွေနဲ့
အိမ်မက်ကမ္ဘာထဲမှာ နစ်မျောနေမိသူပါ
မပိုင်နိင်မှန်းသိရက်နဲ့ မျော်လင့်ချက်တွေ
နောက်မဆုတ်တာခက်တယ်
မျက်ရည်တွေကိုနှမျောပေမဲ့
အငိုမတိတ်တာ...ဘာ့ကြောင့်လဲ
တစ်လောကလုံးကို လရောင်ဖုံးနေတဲ့အချိန်
ငါ့ရင်မှာကြယ်စင်တွေ မပျော်ကြတော့ဘူးလေ...
မင်းအပြုံးတစ်ချက်က ငါ့နှလုံးသားရဲ့
တောင်နံရံတွေထင်ပါရဲ့
ရှုံးထွက်ဖို့ကြိုးစားတိုင်း
အင်အားတွေချိနဲ့နေပြီပဲ
ရှိပါစေတော့
အရာရာချို့တဲ့သူမို့
နွေလမ်းကိုသိရက်နဲ့
ခြေလှမ်းတွေနောက်မဆုတ်တာက
ငါ့ဘဝရဲ့ပင်ကိုယ်အား နည်းချက်တစ်ခုမိုပါ

နှင်းနှင်းအတွက်
နှလုံးသားဖြစ်ရေးသည်

မိုးမင်း
ရွှေကန်မြေ