Thursday, October 23, 2014

ကိုယ်...ယုံကြည်နေချင်သေးတယ်

" ကိုယ်...ယုံကြည်နေချင်သေးတယ် "

* အချိန်တွေ နောက်ပြန်လှည့်လို့ရရင်
ကိုယ်..နောက်ပြန်လှည့်လိုက်ချင်ပါတယ်

* မိုင်ထောင်ချီ ဝေးတုန်းကတောင်
နွေးထွေးခင်မင်မှုတွေနဲ့
ထုံမွှမ်းခဲ့ကြသေးတာ
နီးနီးလေးရောက်ခါမှ
နာကျင်စရာတွေဖြစ်ခဲ့တော့
ကိုယ်တို့ကံကိုကဝေးကြရမယ့်
ဇာတာ ပါခဲ့သလားပဲနော်

* ရှေ့ဖြစ်ကို ကြိုသိခဲ့ရင်
ချိန်းဆိုမှုတွေ ဖြတ်ခဲ့ပါတယ်
မမြင်နိုင် မတွေ့နိုင်တဲ့
အွန်လိုင်းထဲမှာပဲ အရင်လို
တစ်ခါတစ်လေတွေ့
စကားတွေ ဖောင်ဖွဲ့ပြောရင်း
သတိရရင် ဖုန်းလေးဆက်နဲ့
ခင်မင်မှုကို နှစ်သက်ရှည်အောင်
ထိန်းထားခဲ့မိမှာပါ

* အဖြေရှာမရတဲ့
လျှိုဝှက်လွန်းတဲ့သူကို
ကိုယ်...ဋီကာတွေ ဖွင့်
ရှင်းချက်တွေ မရှာချင်တော့ဘူး
ပြောမယ် ရည်စူး
မေးမယ် ရည်ညွှန်းခဲ့တာတွေ
ကျန်ရစ်ခဲ့တယ် ဆိုတာလဲ အသိမပေးတော့ဘူး

* ပျောက်သောသူကိုလဲ
ရတဲ့အချိန် အွန်လိုင်းတက်
Google search နဲ့ မရှာချင်တော့ဘူး

* ဘာပဲဖြစ်ဖြစ်ပါ
မမြင်နိုင်တဲ့ အကြောင်းတရားကြောင့်
အထင်အမြင် လွဲမှုတွေ ကြုံစေခဲ့ပြီးမှတော့
သိခဲ့ဖူးတဲ့ အကြောင်းအရာတွေထဲက
သူ..ကိုယ့်ကို အမှန်တကယ်
ခင်ခဲ့ဖူးတယ် ဆိုတာလေးတစ်ခုတော့
ကိုယ်...အမြဲတမ်းယုံကြည်နေချင်သေးတယ်.....

MAYKO