Thursday, October 23, 2014

တိုက်ပွဲပျော် -- ဓနုဖြူကျော်ထွန်း (ခ) အီကြာကွေး

တိုက်ပွဲပျော် -- ဓနုဖြူကျော်ထွန်း (ခ) အီကြာကွေး

-ပုခက်ထဲက အူဝဲဟစ်ကာ
စစ်ကြေငြာပြီး လောကကြီး၏
ခါးသီးတွေ့ကြုံ အလုံးစုံကို
မဖြုံအံခဲ ပွဲဆက်နွှဲရင်း
လူလည်းတော်တော် ကြီးခဲ့ပေါ့။

-မိုက်လည်းမိုက်လို့ တိုက်လဲတိုက်ခဲ့
ရှုံးလိုက်တာလဲ အသင်္ချေ။
ရဲလည်းရဲလို့ နွှဲလည်းနွှဲခဲ့
နိုင်ပွဲတွေလဲ အနန္တ။

-ဒီလိုပဲပေါ့
တိုက်ပွဲဆိုတာ သာချင်သာမယ်၊
တိုက်ပွဲဆိုတာ နာချင်နာမယ်၊
ဘယ်မှာ ခန့်မှန်းသိနိုင်မလဲ။

-နာနာသာသာ ဘာမှမဖြုံ
စိတ်လုံခြုံရင်
မတုန်မလန့်ဖျပ်ပါဘူး။
အဟုန်မတန့်ရပ်ပါဘူး။

-ရှေ့ကဆီး၍
လမ်းခရီးထဲ သစ်ပင်လှဲမလား။
ရှေ့ကကန့်၍
အဟန့်အတား ဆူးတွေထားမလား။

-ယောက်ျားဟေ့နော်
တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်း တက်မှာပဲ။

-ကျော်ထွန်း(ဓနုဖြူ) (ခ) အီကြာကွေး