အကြမ်းထည်
အတိတ်ကိုလွမ်းရတာထက်
ပစ္စုပန်ကိုလွမ်းရတာဆိုတော့
အကျကလေးကလည်းခပ်နာနာ
အနံ့လေးမပြယ့်တပြယ်နဲ့
ဂုဏ်တော်ကိုရွတ်ခဲ့ရ
လူအဖြစ်ကလည်းသရဲပုံပြင်
အပြောကောင်းပြီး အိမ်ကိုတော့လိုက်မပို့ဘူး
တစ်ယောက်ကိုသစ္စာရှိဖို့
တစ်ယောက်ကိုသစ္စာမဲ့ခဲ့ရ
နဂိုရည်လေးကိုတော့အားနာပါးနာ
အနုပညာကို ရဖို့အတွက်
အနုပညာကို သတ်ပစ်လိုက်ရ
ကာမအားပေးရုပ်ရှင်တွေကို
အချိန်ကုန်ဖို့သုံးလိုက်ရ
သက်တမ်းတစ်ဝက်စာရပ်တည်ဖို့
သက်တမ်းတစ်ဝက်ကိုသင်ကြားပစ်လိုက်ရ
ဤခရီးနီးသလား
အိပ်ရာက အချိန်မှားထမိသလိုပဲ
ရောက်သွားတော့လည်း မလင်းသေးဘူး
ကိန်းကြီးခန်းကြီး နိုင်လွန်းသူများကို
စိတ်ပါလက်ပါ အလေးပြုပါတယ်
ခေါင်းခွေ့လို့ရတဲ့နှစ်ချို့ဝိုင်တွေရယ်
အတောင်အလက်မစုံခင်ကတည်းက
မွေးထားရတဲ့ ဥာဏ်ဆိုးကလေးကလည်း နည်းနည်းတော့အရေးကြီးပါတယ်ကွယ်
သွေးနဲ့ကိုယ် သားနဲ့ကိုယ်မို့
ကိုယ့်အတ္ထုပတ္တိလေးဟာလည်း
ဝင့်ကြွားနေပါလိမ့်မယ်
ခန္ဓာကိုချစ်တာလား....
ခပ်ပျစ်ပျစ်ဆီဝေ့ဝေ့သိက္ခာကိုချစ်ရမလား
ငါလည်း အတွေးအခေါ်အရည်ကျဲခဲ့တယ်
ခရီးသွားဟန်လွှဲတံတားလေးပေါ်က မျက်စေ့လေးစုံမှိတ်ပြီး
နှုတ်ခမ်းလေးစူပြီး ချစ်တယ် -
ချစ်တယ်နဲ့ဆောင့်ကြီးအောင့်ကြီးအော်တတ်တဲ့
အရွယ်ရောက်စ စနေသမီးလေးတွေကိုတော့
ဒီပွဲမှာမပါစေနဲ့ပေါ့
သူရဲကောင်းမလိုတဲ့ပွဲမို့
ခြွင်းချက်နဲ့လက်တွန့်လို့ရတယ်
မတော်တဆလေးတွေကို
တစ်ခုနဲ့တစ်ခုချိတ်ထားမယ်
ဒီလိုကွ- ညီလေးရဲ့
ဒိုင်ယာရီရေးတယ်ဆိုတာ
ခပ်ညံ့ညံ့ကိစ္စ..။…။
ဇွန်မိုးသစ် (နာမည်ပျက်မရှိတဲ့ အရိုင်းအစိုင်းကဗျာစုမှ)
