Monday, August 18, 2014

အိပ်​မက်​ထဲကတက္ကသိုလ် - (လင်းဆက်​ )

ငါမမေ့၍
နွေနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ် . . . ။

ဥသြသံချို ၊ တေးသံစို၍
ပင်ပျိုပင်လှ ၊ ပုရစ်မြနှင့်
လှနေပေဆဲ . . . မြူငွေ့ထဲ . . . ။

ငါမမေ့၍
မိုးနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ် . . . ။
မိုးရေပက်ဖြန်း ၊ ပိတောက်လမ်းနှင့်
ပန်းခင်းတစ်ခင်း ၊ ရောင်စုံကျင်း၍
သင်းနေပေဆဲ . . . မိုးငွေ့ထဲ . . . ။

ငါမမေ့၍
ဆောင်းနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ် . . . ။
မြရည်ပိန်းပိန်း ၊ မြက်ခင်းစိမ်း၌
ရှိမ်းရှိမ်းနုနု ၊ ပုရစ်ဥနှင့်
နုနေပေဆဲ . . . နှင်းငွေ့ထဲ . . . ။

ငါမမေ့၍
နေ့ပေါင်းများစွာ ၊ အိမ်မက်ရာ၌
ငါတို့ခြေရာ ၊ များပြားစွာသည်
ဘယ်မှာပျောက်သည် . . . ငါမသိ . . . ။
ငါ၏ခြေရာ ၊ မင်းခြေရာကို
ခုခါရှာ၍ ၊ မမြင်တွေ့လည်း
မေ့မရသည့် . . . တက္ကသိုလ် . . .။

မိုးငွေ့ မြူငွေ့ နှင်းအငွေ့တို့
ရစ်ဝေ့နေသည် ၊ ငါမြင်သည်၌
နေခြည်ဝင်းဝင်း ပန်းတစ်ခင်းကို
လေညှင်းထဲက တေးတစ်စကို
လရောင်ထဲက တစ်ဘ၀ကို
တလျက်၊ တမ်းလျက် ငါလွမ်းလျက်သည်
အိမ်မက်လိုလို တက္ကသိုလ် . . .။