Thursday, August 14, 2014

အသံတိတ်နဲ့ရှိုက်ငိုခြင်း (စိုင်းဟေမာန် )

(အသံတိတ်နဲ့ရှိုက်ငိုခြင်း)

ချစ်လျက်နှင့်ပြောမထွက်သာ
ကြိုက်မှိတ်လျက်ဝေဒနာကိုအောင့်ခံ
မဖြေသာတဲ့ပူလောင်မှု့တွေ
ရင်နှင့်မဆန်အောင်သိမ်းထားရင်း
အလွမ်းဒဏ်ဖက်ကာ
အတွေးသံသရာနယ်မှာ
ကျင်လည်နေရတဲ့
မိန်းမသားတယောက်ရဲ့
ချစ်ခြင်းမေတ္တာဟာ
သက်မဲ့ကိုဖွင့်ဟရင်တောင်
ရှက်စရာမျက်နှာကို
နောက်ဖက်လှည့်ရမဲ့ဘဝပေမို့
သက်ရှိကိုဖွင့်ဟဖို့ဆိုတာ
ဝေးလွန်းလှတဲ့လမင်းကို
တောင်းယူနေတဲ့
ကလေးငယ်တယောက်အဖြစ်ထက်
ဆိုးရွားလှပါတယ်

မောင်
မောင့်ရဲ့အကြင်နာ
ဖြူစင်တဲ့နှလုံးသား၏
လေသံအတွက်ကို
ရင်တထိတ် ထိတ်နှင့်
မျှော်တော်ဆက် တွေးနေမိတာက
ကျွန်မ ချစ်သူ
ဘယ်ခါ ရင်ဖွင့်မလဲပေါ့.?
သတ္တိမရှိတဲ့ချစ်သူ
သွေးနည်းတဲ့မောင်ကြောင့်
အတွေးတချို့ရဲ့ ရိုက်ချက်က
အားငယ်တဲ့နှလုံးသားကို
ဝမ်းနည်းခြင်း မျက်ရည်ကျစေခဲ့ပြီ

မောင်--
သန်းခေါင်ယံညဉ့်မှာလည်း
မောင့် အကြောင်းကိုတွေးရင်း
အိပ်ရာထက်မှာ အမူအယာပျက်လို့
ကျတဲ့မျက်ရည်တွေ ကမ်းမဲ့ ပါပဲ

မောင်--ရေ
တကယ်တော့
မိန်းမသားတယောက်ရဲ့ အချစ်ဟာ
အသံတိတ်နှင့် ရှိုက်ငိုယုံသက်သက်ပါလား
မောင်


(ရင်တွင်းဖြစ်)
စိုင်းဟေမာန်

(သူငယ်ချင်းမိန်းကလေး
ရင်ဖွင့်သံကိုခံစားပါသည်)