Friday, August 8, 2014

နေပြည်တော်'' - ပြည့်သူမောင်

'နေပြည်တော်'' - ပြည့်သူမောင်

နေပြည်တော် မင်းရောက်လာတော့
ငါတို့တွေ လယ်ကွက်တွေပျောက်
သူငယ်ချင်းတွေလည်း
မလေး ရောက်ကုန်ပြီ…
လွမ်းလိုက်တာကွာ....

နေပြည်တော်…
မင်းရဲ့ဗုံးခိုကျင်းထဲ
ငါတို့ နှမတွေလဲ
KTV မှာ ဘဝတွေရင်းနေကြတယ်
'အစ်ကို ညီမက အလှပြင်ဆိုင်မှာ
အလုပ်လုပ်တာပါ'တဲ့
ရင်နာဖို့ ကောင်းလိုက်တာကွာ

နေပြည်တော်
ခရိုနီတွေ အကြိုက်
မြို့သစ်ကြီး တည်လိုက်တယ်
သူတို့တတွေ ကားတွေတဝှီးဝှီး
တိုက်တွေ ဟီးလို့ပေါ့
ငါတို့ တတွေကတော့
အိမ်ပျောက် နွားပျောက်ရှာရင်း
မင်းနဲ့ဝေးဝေး ရွေ့ပေးခဲ့ရတယ်

နေပြည်တော်…
ဝန်ထမ်းတွေ မင်းဆီ
အကုန်ပြောင်း သားတကွဲ
မယားတကွဲနဲ့မို့ မင်းကို
ကျိန်ဆဲနေကြတယ်
မင်းကြောင့် ငါတို့ရွာလေးလဲ
အဆဲခံနေရတယ်
တစ်ခြားမြို့သူတွေ
ငါတို့ဆီမှာ ခဏနား
အသဲခွဲပြီး ပြန်သွားကြတာ
ငါတို့ဘယ်သူ ကျိန်ဆဲရမလဲ

နေပြည်တော်
ဝန်ထမ်းမြို့တော်မို့
ကိုင်စရာမရှိ အချင်းချင်း
နားရွက် ပတ်ကိုင်ကြတယ်
ငါတို့ရွာကနေကြားတယ်
ဝန်ကြီးရဲ့ကား မောင်းနေရင်း
ဘီးပေါက်သွားတော့ ယာဉ်မောင်းကို
အချုပ် ၆လ ချပစ်တယ်'တဲ့
ကြီးနိုင် ငယ်ညဉ်းတွေနဲ့
ကြည့်လုပ်ဦး နေပြည်တော်
ယင် တလောင်လောင်နဲ့ အနံ့တွေ
ဟောင်နေပြီ

နေပြည်တော်…
မင်းကတော့ မီးတွေထိန်ထိန်
မင်းရွေ့လို့ရွေ့ခဲ့ရတဲ့ငါတို့ရွာလေးက
ဖယောင်းတိုင်နဲ့မီးမှိန်မှိန်
ကဲ နေပြည်တော်
မင်းဘာဆက်လုပ်ချင်သေးလဲ?
မင်းရောက်လာမှ
ငါတို့ ပြာပူမကြောက်တော့ဘူး

နေပြည်တော်
မင်းကို ကြက်ပြေးလို့
ငါတို့ခုချိန်ထိမခေါ်ရဲသေးဘူး
စားသတိ သွားသတိနဲ့ သတိတရားလက်ကိုင်ထားရတယ် မင်းကတော့ သေနတ်ကြီး ကိုင်လို့ပေါ့
မီးပွိုင့်စိမ်းလည်း ငါတို့မရဲတရဲ
ဖြတ်ပြေးရတယ်
အနက်ရောင်ကားကြီးနဲ့ငါတို့
အတိုက်ခံရရင်'သေရင်သေ
မသေရင် အချုပ်ထဲကျတယ်'
ဆင်သွားမှတော့ ငါတို့လမ်းဖြစ်
ပေးရပြီပေါ့…

နေပြည်တော်
လိုင်းကားမရှိ ဆိုင်ကယ်နဲ့သွားမိရင်တော့
ဦးထုပ်ဆောင်း
ပိုင်/မောင်းလိုင်စင် နဖူးကပ်ထား
အပြစ်တစ်ခု တွေ့ရင် ငါးသောင်း
၂ခုတွေ့ရင်တစ်သိန်း ၃ခုဆိုရင်
ဆိုင်ကယ်သိမ်းတယ်
အသားစားဘီလူး
ငါတို့ မကြောက်တော့ဘူး
မင်းကို ငါတို့သိပ်သိပ်ကြောက်တယ်

နေပြည်တော်
မင်းကတော့ ရေပန်းဥယာဉ်မှာ
အပန်းဖြေချင် ဖြေပေါ့
ငါ တို့က မျက်ရည်ပန်းနေတာသိလို့
အမောတွေ မပြေသေးဘူး

နေပြည်တော်
နေပြည်တော်
မင်းအချက်လက်တွေကို
အိုဘားမား ငယ်ထိပ်တက်ပြီး
ကမ္ဘာသိအောင်
ငါအော်ပြောလိုက်ချင်ပါတယ်

ပြည့်သူမောင်