Sunday, August 17, 2014

မင်းဖတ်ကြည့်ဖို့မလိုတဲ့ကဗျာ

မင်းဖတ်ကြည့်ဖို့မလိုတဲ့ကဗျာ


ပူပန်လို့မှ မဆုံးသေး
ငါကျမယ့်မျက်ရည်ကို မြင်ချင်လာပုံရတယ်။
ဘေးကဖြတ်လျှောက်သွားပုံကိုက
တီတီတာတာ စကားတွေမပြောဖူးတဲ့အတိုင်း
ကြည်ကြည်နူးနူးမျက်လုံးမျိုးနဲ့ မကြည့်ဖူးတဲ့အတိုင်း
မင်သေပေမယ့် ထောင့်မကျိုးဘူး။

မင်းဘေးကကောင်ကြောင့်
ငါ့ဖြစ်တည်မှုကို အကျိုးကြေခံမယ်လို့ထင်တာ
မင်းရဲ့အမှား...
နစ်မြုပ်ခဲ့သလောက်ငါခံစားတယ်။
ပိုးစိုးပက်စက် ဖြစ်မသွားဘူး

မခံချင်စိတ်နဲ့ ရေးတဲ့ကဗျာ...
ဆော်ဒါ မရောဘူး
ရေခဲမထည့်ဘူး
ဝီစကီဖန်ခွက်မလိုဘူး။

သိမ်ငယ်မှုမရှိတဲ့ ကဗျာ....
မျက်တွင်းဟောက်ပက်နဲ့ အိပ်ရေးပျက်မခံဘူး။

ငိုချင်စိတ်မရှိတဲ့ကဗျာ.....
လက်ကိုင်ပ၀ါ မဆောင်ဘူး။
အသည်းကွဲတယ်ဆိုတာ
အပေါစားတစ်ရှူးစလို....ပါးပါးလေး။

ငါ့ဆင်ခြင်ဥာဏ်က
ငါ့အသက်ကို တစိုက်မတ်မတ်စောင့်ကြည့်
ဒီနေ့ည ဘိုင်ရွန် ရဲ့ခွဲခွာကြရတယ်ကို ရွတ်ချင်ရွတ်မယ်။
ရိုမီယို ရဲ့ပျော့ညံ့မှုကို အားမလိုအားမရ ဖြစ်ချင်ဖြစ်မယ်။
ကလီယိုပါထရာ ကို ရှုံ့ချချင်ရှုံ့ချမယ်။

မနက်ဖြန်နေထွက်ရင်တော့
ငါ့မျက်နှာ ငါပြန်ကြည့်
ပကတိဖြစ်နေရမယ်။
မင်းကိုပေးဖတ်ဖို့ မရည်ရွယ်တဲ့ကဗျာ
မတော်တဆ တွေ့ခဲ့ရင်တော့
မင်း အံမကြိတ်လိုက်နဲ့ ။ ။

(မှတ်ချက် ။ ။ ကဗျာရေးသူ ကလောင်အမည်မပါလာခဲ့ဘူး ဘယ်သူရေးတယ်ဆိုတာသိခဲ့ရင် မှတ်ချက်ကလေးပေးခဲ့ပါ ။)