Friday, August 8, 2014

နှင်းပြား - YMA

နှင်းပြား - YMA

ဝတ်ကျေတန်းကျေပါပဲ
တစ်နှစ်ထက်တစ်နှစ်
အထားအသိုတွေ မှားမှားလာတယ်
ယုတ်ရင်းကြမ်းတမ်း
ယဉ်ခဲ့သမျှ အပြောအဆိုတွေ
ရိုင်းရိုင်းလာတယ်**

သကာကိုပဲ လျှာမှာစွဲ
ဟန်ဆောင်စကားလုံးတွေအတွက်
မာယာတွေ သုံးပြီး
နဲနဲပြောပါဦး
ဒီမြေမှာမွေးတယ်
ဒီမြေမှာပဲနေတယ်---
ဒီမြေမှာပဲ သေရမယ့်
လူတွေအတွက်
ဆိုင်းပုဒ်လေးတစ်ခုတပ်
သူတို့ပိုင်မြေလေး ကျယ်ဖို့အတွက်
ပြည်သူတွေကို ကျူး တဲ့
သူခိုးက လူပြန်ဟစ်
ကျူးကျော်ဆိုတော့ ကျူးကျော်ပေါ့

မြင့်သထက် မြင့်လာတဲ့
ကုန်ဈေးနှုန်းတွေအတွက်
ခင်များတို့ပဲ လစာတွေထပ်ထပ်တိုး
ကျုပ်တို့က
လှော်ရင်းနစ်နေရမဲ့ ဘဝ...

ခင်များတို့ထည်ဝါစွာ
ပျော်ပါးစားသောက်ကြပါ။
အပူရုပ်ကို ဟန်လုပ်
ထမင်းရည်ပူ မှုတ်သောက်ရင်း
ကျုပ်တို့နေမယ်။
ခေတ်ကိုက အရင်းရှင်ခေတ်လေ။
မျက်ကန်းတစ္ဆေမကြောက်
အမှောင်ထဲမှာ
လမ်းလျှောက်နေရတဲ့ ခေတ်ပဲလေ။

ဒီမှာ-------ဒီမှာ
ထွန်စရာမရှိတော့တဲ့
လယ်သမားတွေ ရဲ့
ဘဝတွေကို ကြည့်ပါဦးဗျာ-

သူတလူ ငါတမင်းနဲ့
ခရိုနီတွေ ထင်တိုင်းကြဲသမျှ
ခေါင်းငုံ့နေရ။

စိန်။ရွှေ။ငွေ
အပင်းတွေကိုပဲ မျှော်လင့်
ငိုယိုသံတွေကို
နားစွင့်မနေတော့ပါနဲ့။
နောက်ပြန်မသွားတဲ့
ရထားပေါ်ရောက်နေမှတော့
ရှေ့ဆက်သွားရုံပဲ
ရှိတော့တာပေါ့ဗျာ.....

YMA