Monday, September 15, 2014

ပင်မှည့်တေး - မောင်ချောနွယ်

ပင်မှည့်တေး - မောင်ချောနွယ်

လူတစ်ယောက်ရဲ့အဓိပ္ပါယ်ကို
လာလာ မစွတ်ဖက်နဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ်နေ
ဆုံးရှုံးခဲ့တယ်ဆိုတာပဲ
သေချာပလေ့စေ ။

လူတစ်ယောက်ကို
လက်သီးနဲ့ထိုးဖို့ဆိုတာက
ကိုယ့်မှာ မေးရိုးရှိရတယ်တဲ့
ငါ့လက်သီးတွေက
မင်းဆီသက်ရောက်ဖို့
ငါ့မှာမေးရိုးရှိတယ် ။..

ခုတော့မင်းမှာ မေးရိုးမရှိဘဲ
မင်းလက်သီးတွေ
ငါ့အပေါ် လာလာသက်ရောက်နေတာ
အမှန်တရားရေ
မင်းတရားလွန်လွန်းပြီ။.......

ဘ၀မှာ
လေး ၊ ငါး ၊ ခြောက်ခုမလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီ နှစ်ခုပဲ။.....

လူစိမ်းနံ့တွေနဲ့ အသက်ရှင်နေရတဲ့
သူငယ်ချင်းမောင်စမ်းအေးရေ
မြို့တွေကို မာကျူရီမဆင်ရပါဘူး
ဘာကြောင့်လဲဆိုတော့
မြို့တွေကိုယ်တိုင်က
မာကျူရီနဲ့လုပ်ထားလို.ပဲ။...

ဟောဟို စားပွဲနံပါတ် တစ်မှာ
ကိုယ့်ဘ၀ကို ကျကျနန စီရင်ချက်ချ
အခိုင်အမာထိုင်နေတဲ့
ငါ့သူငယ်ချင်း အောင်ချိမ့်ဟာ
ထွန်းကားတဲ့ မြို့ကြီး တစ်မြို့ပေါ့။...

ပွန်ပီး လို
ချော်ရည်တွေအောက် ရောက်ခဲ့ရပေမယ့်လည်း
ဖော်ဝေး ဆိုတဲ့ ကဗျာဆရာဟာ
ထွန်းကားတဲ့ မြို့ကြီး တစ်မြို့ပေါ့။...

ဘယ်သူဟာ
ကမ္ဘာမြေ တစ်ခု လုံးလုံး
ဆုံးရှုံးခဲ့ဖူးသလဲ
ကမ္ဘာမြေ တစ်ခုလုံး ဆုံးရှုံးသူဟာ
ကမ္ဘာကိုပြန်ရပေလိမ့်။...

ဘောလုံးသမား မာရာဒိုနာ ဟာ
ဂိုးတွေကိုမှော်နဲ့ သွင်းခဲ့တာပေါ့ကွာ။.......

မောင်ချောနွယ်