Friday, June 27, 2014

တောင်းပန်ပါတယ်…….(terry) 

တောင်းပန်ပါတယ်…….(terry) 

ကြွက်ကိုနိုင်ဖို့
ကျီ ကိုမီးနဲ့ရှို့ခဲ့မိပြီ။
ဘယ်သူရှုံးလဲ..ဟုတ်လား…..
ကိုယ့်ရုပ်အလောင်းကို
ကားစင်တင်တာတောင်
အခြားသူအမှတ်နဲ့
ရပ်ကြည့်နေခဲ့မိတာကိုး…….။

ကိုယ့်အမှားတွေနဲ့ကိုယ်
ရှုပ်ရှက်ခပ်ရင်း
အမှန်တရားတောင်
ဘာအရောင်ပြောင်းသွားမှန်း
လှည့်မကြည့်ဖြစ်ခဲ့ဘူး……။

ပြာဖြစ်တော့ထင်းတစ်စက
အရင်သစ်ပင်ဘ၀ကို
ပြန်လွမ်းခွင့်မရှိမှန်း သိပါတယ်..။

ကိုယ့်နားထင်ကို ပြန်တေ့ထားတဲ့
သေနတ်တစ်လက်ရဲ့
“ဖြောင်း” ခနဲ့ မောင်းချသံထက်
ရိုးစင်းစွာထွက်ကျလာတတ်တဲ့
အဆင်တန်ဆာမဲ့
နင့်စကား ခပ်ပြတ်ပြတ် တွေကို
ငါပိုကြောက်တယ်…။

မစားကောင်းမှန်းသိပေမယ့်
ခဏလောက်
မြည်းစမ်းကြည့်ချင်ခဲ့တဲ့
အရှုံးသမားတစ်ယောက်ရဲ့
ရေငုံနှုတ်ပိတ် ခံစားချက်နဲ့ပြောမယ်….
နောင်တစစ်မယ်ဆိုရင်
အမှောင်ချထားရင်တောင်
တမ်းတခြင်းလောက်တော့
အရောင်ထွက်တယ်……..။

နင့်စိတ်က ငါ့အတွက်ဆို
သတိရခြင်းထက်
နာကျည်းခြင်းနဲ့ ပိုနီးစပ်မှာပါ..
အကြောင်းတစ်ခုခုကြောင့်
ငါ့ကိုလွမ်းဖြစ်ရင်
မထိုက်တန်သူတို့ရဲ့
သွားရာလမ်းမှာ
ငါရှိမယ်။

အရိုးသားဆုံးစကားလုံးကို
ကြားဖူးနေကြ အသုံးအနှုံးနဲ့ပဲသုံးမယ်
အမှားတွေအတွက်
ငါနင့်ကိုတောင်းပန်ပါတယ်………..။

TERRY(5.1.2011)