Friday, June 27, 2014

ဘာပဲဖြစ်ဖြစ် ဒီကဗျာဟာ နင့်အတွက်မဟုတ်ဘူး (terry) 

ဘာပဲဖြစ်ဖြစ် ဒီကဗျာဟာ နင့်အတွက်မဟုတ်ဘူး (terry) 

နင့်အကြောင်းကို
စိတ်ကူးကြည့်ရုံနဲ့
ငါ့သွေးခုန်နှုန်းဟာ
တစ်မိနစ်မှာ
၇၂ ကြိမ်ထက် ပိုပိုမြန်လာတယ်။

ငါပဲလည်နေတာလား….
ကမ္ဘာပဲလည်နေတာလား……..
သေချာတာတစ်ခုက
တူညီခြင်းမှာ
အတ္တ တစ်မျိုးမျိုးတော့
ပါဝင်နေလိမ့်မယ်။

နှုတ်ဆက်ခြင်းရဲ့အစမှာ
တွေ့ဆုံခြင်းရဲ့နိဂုံးကို
ငါမထင်မှတ်ပဲမြင်လိုက်ရတယ်
ငါတကယ်မသိလို့ပါ
နင်နဲ့ငါဟာ..
ကျောခိုင်းဖို့အတွက်
မျက်နှာချင်းဆိုင် လမ်းလျှောက်ခဲ့တာလား။

စီးကရက်တစ်လိပ်ရဲ့
ဝင့်ကြွားမှု့လိုပဲ
ပြာဖြစ်သွားမှာထက်
ရှိုက်ထုတ်ခံရမှာကို
ငါပိုကြောက်တယ်။

လူတစ်ယောက်မှာ
ကြောက်တတ်တဲ့အရာဟာ
ပိုဖြစ်နိုင်ခြေများသလိုပဲ
ငါဖန်ဆင်းတဲ့အလွမ်းက
ငါ့ကိုမှပိုချစ်တယ်ထင်တယ်။

စိတ်ပါဝင်စားခြင်းမရှိတဲ့
ပုံပြင်တစ်အုပ်ကိုဖတ်ရသလိုမျိုး
နိဒါန်း ထက် နိဂုံးကို
ပိုအလိုရှိမယ်ဆိုရင်
ငါ့စာမျက်နှာရဲ့ နောက်တစ်ရွက်ကို
နင်လှန်ကြည့်လှည့်ပါ။

တိတ်ဆိတ်စွာသေဆုံးနေတဲ့
အသဲကွဲရောင် ညနေခင်းက
နာကျင်တဲ့အပြုံးနဲ့
နင့်ကို ဆီးကြိုတုန့်ပြန်နေလိမ့်မယ်။

terry(13.12.2009)