လှေကားထောင့်ကျဉ်း
လရောင်မြှားတဲ့....
ညအတုလိုအမှောင်ထဲမှခံစားချက်များ အရိပ်မထွက်ရ။
ညစ်ပတ်နံစော်နေသောဝါကျများမထွေးရ။ သံယောဇဉ်မငြိမ်းသော ဆေးလိပ်တို မပစ်ရ။ ခွေးလေခွေးလွင့်များနှင့်အမူးလွန်သူများ
တွားတက်မလာရ,မအိပ်ရ။
ခါးပိုက်နှိုက်များပိုက်ဆံအိတ်နှင့်
မှတ်ပုံတင်ကဒ်တွေ လာမပစ်ရ။ အိပ်မက်နှင့်မတော်သောဦးထုပ်များ
မဆောင်းရ။
ရှုခင်းမလှဘဲ အတွဲများများမချိန်းရ။ မြို့ကြီးပြကြီးဆန်စွာမီးစက်သံနှင့် ဥပေက္ခာတရားများ ပဲ့တင်မထပ်ရ။ ငွေကြေးခ၀ါချထားသော ကုတ်အင်္ကျီအဟောင်းကြီး မဝတ်ရ။ အထက်တက်မှာလား....။
အောက်ဆင်းမှာလား. . .။
အထက်မရောက်အောင်
မရောက်စိတ်ကူးများ မွေးစားမထားရ။ မူးယစ်ဆေးဝါးမသုံးစွဲရ။
တခါသုံးအပ်နှင့်တစ်ခါသုံးအတွေးအခေါ်များ ပစ်ချမထားရ။
လယ်ကွင်းနှင့်ကျေးငှက်များကိုမလွမ်းရ။ ကျောက်စီဓားနှင့်မိုးကောင်းကင်ကို
မတမ်းတရ။
ပင်လယ်နှင့်ဒီရေကို မငတ်မွတ်ရ။
အဓိကအားဖြင့် ခုနှစ်လွှာထပ် လှေခါးထောင့်ကျဉ်းသည် ကျိန်စာအလိုနှင့်ဆန့်ကျင်ပြီး
ဦးထုပ်ဆောင်းပြီး ကုတ်အင်္ကျီနှင့် ဂျင်းဘောင်းဘီဝတ်ပြီး
ပလက်ဖောင်းပေါ်ဆင်းမသွားရ။ ။
နိုင်မွန်အောင်သွင်