Sunday, March 16, 2014

သူပိုင်​ဆိုင်​​သော​နေ့,ညများ

သူ…ပိုင်​ဆိုင်​သောနေ့,ညများ

အချိန်တန်တော့ အိမ်ပြန်ပေါ့ကွယ်။ ကြိမ်ဒဏ်ကိုယ်စီ၊ ငိုမြည်ခံစား (ကံအားလျော့ပါး) မတရားဘူး။

အသည်းကျွမ်းမြေ့ စွဲလန်းနေ့စဉ်၊ မ​မေ့ချင်​လည်း၊မေ့ရဲရမယ် (မေ့ဆေးတစ်လုံးတော့ လိုပါတယ်)။

သူ ပိုင်​ဆိုင်​ထား နေ့ညများမှာ
စေလိုရာသာ စေပါလေကွယ်။
သူကထွက်သွား နှင်​ရက်အားလျှင် လက်ဖျားတွယ်ဖြုတ်၊ ရုတ်ခနဲထ ကျောခိုင်းပါ့မယ်​.....
(ငဲ့မကြည့်မိဖို့ လိုပါတယ်)။

သူကလက်ပြ နှုတ်ဆက်ထားရစ်၊
မချစ်ကြ​ကြေး၊ အမိန့်ပေးလျှင်
မနီးမ​ဝေး၊ ရင်​ခွင်နွေးကို ပြေးခိုင်းပါ့မယ်​.... (ခြေလှမ်းမယိုင်​ဖို့ လိုပါတယ်)

သူကမုန်းခိုင်း မုန်တိုင်းလက်ဆောင် ပေးခဲ့လျှင်​လည်း မုန်းတဲ့ဟန်ပြု၊
အမုန်းတုနဲ့ ရှုံးသူ့မျက်နှာ၊
ပြုံးယောင်ဖြာပြီး ပြုံးနိုင်အောင်​သာ
ကြိုးစားမယ်....
( ပြုံးရဲဖို့တော့ လိုပါတယ်)

သူ…ပိုင်​ဆိုင်​ထား နေ့ညများမှာ
အင်​အားမရှိ၊ ထင်​ရှားသိမြင်
ကိုယ့်ရင်​ခွင်​ထဲ ငလျင်​ရိုက်ခတ်
မ​ပြောတတ်ဘူး။

နေ့နေ့ညည တွေ့သမျှအချိန်၊
အကြိမ်ကြိမ်ငေး သူ့ရင်​ခွင်​နွေးနွေးလေးဟာ ကိုယ့်ရဲ့ အိမ်​က​လေးပါကွယ်။

အရှင်​မလိုကျ မငိုရဆို...မငိုပါဘူး။
အရှင်​မလိုကျ မပြုံးရဆို...မပြုံးပါဘူး။
အရှင်​မလိုကျ လက်ပြနှုတ်ဆက်
လှမ်းအထွက်မှာ၊ အလွမ်းခက်လည်း၊ လွမ်းလျက်အက်ကွဲ၊ကိုယ့်အသည်းကို အေးခဲမာကျော၊ ကန္တာရ​တောသို့.... မျှောလိုက်ပါ့မယ်။

သူပိုင်​ဆိုင်​သော နေ့,ည မောများ၊
နှလုံးသားမှာ ရှိနေပါလျှင်
ဝေဒနာဟူသမျှ၊ အတူတကွလက်ခံ မနက်ဖြန်အ​ရေး၊ ကိုယ်မ​တွေးဘဲ
ဝေးရဲအောင်​လည်း ကြိုစားမယ်။

အချိန်တန်လျက် အိမ်ပြန်ဖို့ခက်၊
နေ့,ရက်များစွာ ၊ထို…ဒဏ်​ရာတွေ၊
ဖြေမ​ပြေလည်း ၊ သူ့အားအားနာ၊
ရင်​ခွင်​ညှာသိ ပကတိစိတ်၊
မျက်ဝန်းမှိတ်ပြီး တိတ်တိတ်က​လေးခံစားမယ်။

သူပိုင်​ဆိုင်​သမျှ နေ့,ညများစွာ၊
ဝေဒနာဟူသမျှ ကင်းပပါစေကွယ်။ ။

မောင်​လှမျိုး(ချင်းချောင်းခြံ)