သူ…ပိုင်ဆိုင်သောနေ့,ညများ
အချိန်တန်တော့ အိမ်ပြန်ပေါ့ကွယ်။ ကြိမ်ဒဏ်ကိုယ်စီ၊ ငိုမြည်ခံစား (ကံအားလျော့ပါး) မတရားဘူး။
အသည်းကျွမ်းမြေ့ စွဲလန်းနေ့စဉ်၊ မမေ့ချင်လည်း၊မေ့ရဲရမယ် (မေ့ဆေးတစ်လုံးတော့ လိုပါတယ်)။
သူ ပိုင်ဆိုင်ထား နေ့ညများမှာ
စေလိုရာသာ စေပါလေကွယ်။
သူကထွက်သွား နှင်ရက်အားလျှင် လက်ဖျားတွယ်ဖြုတ်၊ ရုတ်ခနဲထ ကျောခိုင်းပါ့မယ်.....
(ငဲ့မကြည့်မိဖို့ လိုပါတယ်)။
သူကလက်ပြ နှုတ်ဆက်ထားရစ်၊
မချစ်ကြကြေး၊ အမိန့်ပေးလျှင်
မနီးမဝေး၊ ရင်ခွင်နွေးကို ပြေးခိုင်းပါ့မယ်.... (ခြေလှမ်းမယိုင်ဖို့ လိုပါတယ်)
သူကမုန်းခိုင်း မုန်တိုင်းလက်ဆောင် ပေးခဲ့လျှင်လည်း မုန်းတဲ့ဟန်ပြု၊
အမုန်းတုနဲ့ ရှုံးသူ့မျက်နှာ၊
ပြုံးယောင်ဖြာပြီး ပြုံးနိုင်အောင်သာ
ကြိုးစားမယ်....
( ပြုံးရဲဖို့တော့ လိုပါတယ်)
သူ…ပိုင်ဆိုင်ထား နေ့ညများမှာ
အင်အားမရှိ၊ ထင်ရှားသိမြင်
ကိုယ့်ရင်ခွင်ထဲ ငလျင်ရိုက်ခတ်
မပြောတတ်ဘူး။
နေ့နေ့ညည တွေ့သမျှအချိန်၊
အကြိမ်ကြိမ်ငေး သူ့ရင်ခွင်နွေးနွေးလေးဟာ ကိုယ့်ရဲ့ အိမ်ကလေးပါကွယ်။
အရှင်မလိုကျ မငိုရဆို...မငိုပါဘူး။
အရှင်မလိုကျ မပြုံးရဆို...မပြုံးပါဘူး။
အရှင်မလိုကျ လက်ပြနှုတ်ဆက်
လှမ်းအထွက်မှာ၊ အလွမ်းခက်လည်း၊ လွမ်းလျက်အက်ကွဲ၊ကိုယ့်အသည်းကို အေးခဲမာကျော၊ ကန္တာရတောသို့.... မျှောလိုက်ပါ့မယ်။
သူပိုင်ဆိုင်သော နေ့,ည မောများ၊
နှလုံးသားမှာ ရှိနေပါလျှင်
ဝေဒနာဟူသမျှ၊ အတူတကွလက်ခံ မနက်ဖြန်အရေး၊ ကိုယ်မတွေးဘဲ
ဝေးရဲအောင်လည်း ကြိုစားမယ်။
အချိန်တန်လျက် အိမ်ပြန်ဖို့ခက်၊
နေ့,ရက်များစွာ ၊ထို…ဒဏ်ရာတွေ၊
ဖြေမပြေလည်း ၊ သူ့အားအားနာ၊
ရင်ခွင်ညှာသိ ပကတိစိတ်၊
မျက်ဝန်းမှိတ်ပြီး တိတ်တိတ်ကလေးခံစားမယ်။
သူပိုင်ဆိုင်သမျှ နေ့,ညများစွာ၊
ဝေဒနာဟူသမျှ ကင်းပပါစေကွယ်။ ။
မောင်လှမျိုး(ချင်းချောင်းခြံ)