အပြောင်းအလဲ
နှစ်ဦးတူယှဉ်၊ ဒီအပင်အောက် ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ် ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။
သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြစ်ချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ စိတ်ကူးနုသစ် ဝေခဲ့ဖူးတယ်။
ခင်ကပစ်တော့ ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင် နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ လွမ်းစိတ်ရာထောင်ဝေဖူးတယ်။
ခင်မကြင်တော့ ညင်ညင်ရေစီး တမ်းတညည်းဟန် ခင့်ရယ်သံလား၊
ဝိုးဝါးထင်မိ ကြည့်လေရာရာ၊
ဝေဒနာနဲ့ ရေပြာအလှ ကင်းဖူးတယ်။
ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင် တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…။
ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက် ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ ။
ဘဝဆိုတာ… ဒါပဲ ခင်…။
မောင်စိန်ဝင်း (ပုတီးကုန်း)